Friday, 12 April 2013
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂) ကရင့်ရေးရာ, သမိုင်း, ဆောင်းပါး
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။
အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။
ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၎။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, - )
သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
ဆက်လက်ဖော်ပြပါမည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ စောကျော်ခရော့စ် ဘလော့ကာမှ တဆင့်ကူးယူထင်ထားသည်
Labels:
ကရင့်သမိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment