LinkWithin

Related Posts Plugin for WordPress, Blogger...

Monday 24 June 2013

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ရောင်းထိရောက်စွာ အရေးယူမည့် နည်းဥပဒေ ယခုနှစ် မကုန်ခင် ထွက်နိုင်

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ပြည်သူအများ သတိပြုဖွယ် အရောင်းမြှင့်တင်
ကြော်ငြာမှုများကို ဥပဒေဖြင့် ထိရောက်စွာအရေးယူရန် နည်းဥပဒေ ယခုနှစ်အတွင်း ထွက်ရှိမည်
ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကင်းဝေးရေးစီမံချက်မှ
မန်နေဂျာ ဒေါက်တာနန်းနိုင်နိုင်ရှိန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"မြန်မာနိုင်ငံ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကတော့
ပြဋ္ဌာန်းထားတာ ခုနစ်နှစ်ရှိပါပြီ။ ဒါပေမဲ့ ထိထိရောက်ရောက် အရေးယူမှုတွေ မရှိသေးတဲ့အတွက်
ဒီဥပဒေကို အသက်ဝင်စေမယ့် နည်းဥပဒေထွက်ပြီးနောက် သက်ဆိုင်ရာဌာနတွေနဲ့ ဆေးလိပ်နဲ့
ဆေးရွက်ကြီး တိုက်ဖျက်ရေးတွေမှာ ပူးပေါင်းဖို့ ညွှန်ကြားစာ ထွက်လာမှာဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းထားသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး
ဥပဒေ အခန်း(၈)၊ ပုဒ်မ (၁၁) အရ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းကို တိုက်ရိုက်သော်
လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ကြော်ငြာခွင့် မပြုသကဲ့သို့ အရောင်းမြှင့်တင်ရေး
အတွက် အားကစားပွဲ၊ ပျော်ပွဲ ရွှင်ပွဲ၊ ပြပွဲတစ်ခုခုကျင်းပနိုင်ရန် ဖြစ်စေ၊ အကျိုးပြုလုပ်ငန်းတစ်ခုခု
ပြုလုပ်ရန် ဖြစ်စေ၊ အထောက်အပံ့ပေးခြင်း၊ သို့မဟုတ် ၀န်ဆောင်မှုပေးခြင်းများကို တားမြစ်ထားပြီး
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို အခမဲ့ ဖြန့်ဖြူးဝေငှခွင့် မရှိကြောင်း ပြဋ္ဌာန်းထား
သည်။
ပြစ်မှုထင်ရှားပါက ပထမအကြိမ်ကျူး လွန်သူအား ငွေဒဏ် ကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိနှင့်
ဒုတိယအကြိမ် ကျူးလွန်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်အထိ ချမှတ်နိုင်သည့်အပြင်
ငွေဒဏ် ကျပ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ချမှတ်နိုင်သည်။
"အရင်တုန်းကတော့ အခုလို ပြစ်မှုထင်ရှားတဲ့သူတွေကို မြို့တော်စည်ပင် က အရေးယူဆောင်ရွက်
ပါတယ်။ အခု တော့ မြို့တော်စည်ပင်မှာ ဒီဌာနမရှိတော့တဲ့ အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့
ပူးပေါင်းပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူဆောင်ရွက်သွားမှာပါ"ဟု ဒေါက်တာနန်းနိုင်နိုင်ရှိန်
က ပြောသည်။
၂၀၁၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်မှ ၁၅
နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ၁၄ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်သောက်သုံးနေကြ
ပြီး ၁၀ ရာခိုင်နှုန်းခန့်သည် ဆေးရွက်ကြီးကို ကွမ်းရွက်ထဲ ထည့်စားခြင်း၊ ဆေးပေါင်းငုံခြင်း၊
ကွမ်းယာခြောက်ငုံခြင်း ပုံစံမျိုးဖြင့် သုံးစွဲနေသည်ကို တွေ့ရသည်။
ထိုအထဲမှ ကျောင်းသားလူငယ်များ၏ ၇၀ ရာခိုင်နှုန်းသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဆေးလိပ်
ကြော်ငြာများကို တွေ့မြင်ရကြောင်း၊ ကိုးရာခိုင်နှုန်းမှာ ဆေးလိပ် အမှတ်တံဆိပ်ပါသည့် ပစ္စည်း
အသုံးဆောင်များ ရှိကြောင်းနှင့် ၁၂ ရာခိုင်နှုန်းခန့်သည် ဆေးလိပ် အခမဲ့ ဝေငှသည်ကို ရရှိခဲ့ဖူး
ကြောင်း လေ့လာတွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့် က
မေလ ၃၁ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့
အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အရှေ့တောင်အာရှဒေသအတွင်း နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေး ကြောပိတ်ပြီး လေဖြတ်
ခြင်းနှင့် ကင်ဆာအမျိုးမျိုး အပါအ၀င် ကူးစက်ခြင်းကြောင့်မဟုတ်ဘဲ နာတာရှည်ရောဂါများကြောင့်
သေဆုံးမှု အလျင်အမြန် တိုးတက်လာခြင်းမှာ ကျန်းမာရေး နှင့် မညီညွတ်သော နေထိုင်မှုပုံစံ၊
အမူအကျင့်များနှင့် ဆက်စပ်နေပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုသည် အဓိက ဆက်နွှယ်နေ
သည့် အချက်ဖြစ်သည်ကို တွေ့ရှိရကြောင်း ဒေါက်တာဝင်းမြင့်က ပြောသည်။
မြန်မာနိုင်ငံ အပါအ၀င် အရှေ့ တောင်အာရှဒေသတွင်း နိုင်ငံများ၌ ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှု
မြင့်မားလျက်ရှိပြီး ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်ဖွဲ့စည်းထား
သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်လုပ်မှုကို လျှော့ချရန်အတွက် ၂၀၁၂ ခုနှစ်၊ ဧပြီလ
တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်ဦးစီးဌာနက ပြည်တွင်းရှိ ဆေးလိပ်နှင့်
ဆေးရွက်ကြီး ထုတ်လုပ်ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းများထံမှ ထုတ်လုပ်ရောင်းချမှု အခွန်နှင့်
အမြတ်ခွန်ကို တိုးမြှင့်ခဲ့ရာ အခွန်နှစ်မျိုး ကောက်ခံပြီး ဆေးလိပ်တစ်လိပ်ရောင်းချပါက ရောင်းချငွေ
၏ ၅၀ ရာခိုင်နှုန်း နှင့် ဆေးလိပ် တစ်လိပ်လျှင် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသည့် အခွန်အပြင်
တစ်နှစ်လျှင် ကုမ္ပဏီ၏ ၀င်ငွေ နှစ်ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အထိ တိုးမြှင့်
ကောက်ခံနေသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးအပေါ် ကောက်ခံသည့် အခွန်နှုန်းထား
သည် နိုင်ငံတကာနှင့်ယှဉ်လျှင် နည်းနေသေးပြီး အခွန်မဆောင်သူ၊ အခွန်ရှောင်သူများကို ဥပဒေ
ဖြင့် ထိရောက်စွာ အပြစ်ပေးခြင်း မပြုလုပ်နိုင်ဘဲ၊ အခွန်ဆောင်ရန် စည်ရုံးမှုများသာ ပြုလုပ်နေရ
သဖြင့် ဆေးလိပ် ထုတ်လုပ်ရောင်းချသူများကို အခွန်ဖြင့် အရေးယူခြင်းမှာ ထိရောက်မှု အားနည်း
ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

No comments:

Post a Comment

COMMENT BOX *^v^*