LinkWithin

Related Posts Plugin for WordPress, Blogger...

Monday 24 June 2013

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန် ဗုဒ္ဓဘာသာ သံဃာ့ခေါင်းဆောင်များက တိုက်တွန်း

ငြိမ်းချမ်းရေးလိုလားသော နိုင်ငံသားများသည် အဖြစ်မှန်ကို တိတိကျကျ အဖြေရှာဖော်ထုတ်၍
အထင်အမြင် လွဲမှားမှုများကို ဖြေရှင်းကြရန် လိုအပ်ပြီး ငြိမ်းချမ်းရေးအတွက် ကဏ္ဍစုံ မှ
ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗုဒ္ဓဘာသာသံဃာ့ခေါင်းဆောင်များက
တိုက်တွန်း လိုက်သည်။

"အပြုသဘောနဲ့၊ ကောင်းတဲ့ စေတနာနဲ့ အလုပ်လုပ်ကြဖို့လိုအပ်တယ်။ စည်းကမ်းရှိရှိ တိုင်တိုင်
ပင်ပင် ပုံစံချပြီးလုပ်စေချင်ပါတယ်။ ဒါမှလည်း အစိုးရကိုလည်း ကူညီရာရောက်မယ်။
"နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲရင် အမျိုးဘာသာ၊ သာသနာကို ထိခိုက်စေမယ်။ ဒါကို အထူး
သတိပြုပြီး လုပ်ဆောင်ဖို့လိုတယ်။ ကိုယ့်လုပ်ရပ်ဟာ တစ်ပါးသူကို မထိခိုက်အောင် သတိနဲ့
ဆောင်ရွက်ကြပါ"ဟု မလေးရှားနိုင်ငံတွင် ကျောင်းထိုင်သည့် ပီနန် ဆရာတော်ကြီးက မိန့်ကြား
သည်။
ပဋိပက္ခကို ဖြေရှင်းရာတွင် မည်သည့် ဘာသာဝင်မဆို မိမိဘာသာအပေါ် လေးစားမှုရှိရန် လိုအပ်
ကြောင်း၊ ကိုယ်ကျင့်သိက္ခာနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရွှေဝါ၀င်း
ဆရာတော်က မိန့်ကြားသည်။
မှော်ဘီမြို့၊ ဓမ္မဒူတဇေတ၀န်တောရ၊ ဆေကိန္ဒရာမကျောင်းတိုက်၌ ဇွန်လ ၁၃ နှင့် ၁၄ ရက်နေ့များ
တွင် ကျင်းပပြုလုပ်သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဩ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင်
ဆရာတော်ကြီးများက တိုက်တွန်း မိန့်ကြားခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ဦးဆောင် ဆရာတော်ကြီးများ
အပါအ၀င် မြန်မာနိုင်ငံအနှံ့ စာသင်တိုက်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ အဓိပတိများ၊ ပြည်တွင်း၊
ပြည်ပ သာသနာပြု ရဟန်းသံဃာတော်များ ၂၂၇ ပါးတက်ရောက်ခဲ့ပြီး အချက်ငါးချက်ပါ
ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံယူထားကြ
သည့်အားလျော်စွာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင်တို့သည်လည်း မည်သည့်
ပဋိပက္ခမျိုးမှမဖြစ်စေလိုဘဲ ငြိမ်းအေးစွာနေထိုင်လိုသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးကိုထောက်ခံ
အားပေးကြောင်း၊ လက်ရှိဖြစ်ပေါ်သော ပဋိပက္ခများအတွက် ၀မ်းနည်းကြောင်းနှင့် ပဋိပက္ခကြောင့်
ဒုက္ခရောက်နေကြသည့် နိုင်ငံသားအားလုံးကို ကူညီထောက်ပံ့ပေးသူများအား ကျေးဇူးတင်
ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကဏ္ဍများကိုလည်း
ဆွေးနွေးခဲ့ကြရာတွင် ပဋိပက္ခကို ဗုဒ္ဓနည်းကျဖြေရှင်းရန်၊ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ဥပဒေ
စိုးမိုးမှုရရှိစေရန်၊ မိမိတို့ သက်ဆိုင်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ခိုင်မာသောဥပဒေများ
ရေးဆွဲပြဋ္ဌာန်းရန် ဆွေးနွေးခဲ့ကြသည်။
အလားတူ ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ်များကို လေ့လာနိုင်ရန် ပံ့ပိုးကူညီမှုများပေးရန်၊
ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး တိကျမှန်ကန်သော သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရေး
အတွက် သင့်လျော်သော အမည်တစ်ခုပေးကာ ၀က်ဆိုက်တစ်ခု ထားရှိရန်၊ အဖွဲ့အစည်း
အဆင့်ဆင့် စေ့စပ်ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးကို ဦးတည်သော အသိပညာပေး
လုပ်ငန်းများဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးခဲ့ကြသည်။
"ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းမှုကိုအားပေးဖို့၊ လုပ်ငန်းဆောင်ရွက်ချက်တွေဟာ အပြုသဘောဆောင်
ပြီး ဘယ်သာသာဝင်မဆို အချင်းချင်း အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်
နဲ့ဆောင်ရွက်တာပါ။ နောက်လုပ်ငန်းစဉ်တွေမှာလည်း ဒီလိုအပြုသဘော ငြိမ်းချမ်းရေးအမြင်တွေနဲ့
ဆက်လက် ဆောင်ရွက်သွားမှာပါ"ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ မှ ဒေါက်တာ အရှင်ဆေကိန္ဒ
က မိန့်ကြားသည်။

No comments:

Post a Comment

COMMENT BOX *^v^*